news| Apr 27, 2026

ရခိုင်ဒေသ စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်တည်တံ့သော မူဝါဒလမ်းစဉ်များ

Discover how local food sovereignty, sustainable agriculture, and community-driven policies can address food insecurity and supply chain blockades in conflict-affected Rakhine State.

rakhine-food-security-and-sustainable-policies

☘️ စားနပ်ရိက္ခာဖူလုံရေးဟာ ဒေသတစ်ခုလုံးမှာ အခရာအကျဆုံး ကိစ္စရပ်တစ်ခုဖြစ်ပြီးတော့ လူ့အသက်ပေါင်းများစွာရဲ့ ဘဝတွေနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒါကြောင့်လည်း ဒီကနေ့ နိုင်ငံတကာမှာ ကိုယ့်ဒေသရဲ့ စားနပ်ရိက္ခာကို ဖူလုံအောင် ထုတ်ဖို့၊ အမှီခိုကင်းပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ စားနပ်ရိက္ခာစနစ်ဖြစ်ဖို့ မဟာဗျူဟာ မြောက်တဲ့ စီမံကိန်းတွေကို နိုင်ငံတိုင်းနီးပါး လုပ်ဆောင်နေကြပါတယ်။


လက်ရှိမြန်မာပြည်တွင်းမှာတော့ ပြည်တွင်းစစ်နဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်သူတွေဟာ စားနပ်ရိက္ခာမဖူလုံတဲ့ ပြဿနာကို ကြုံနေရပြီးတော့၊ လုံလောက်တဲ့ အစာရေစာရရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ❗️


ကျွန်တော်တို့ ရခိုင်ဒေသမှာလည်း တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲမှာ ကုန်စည်စီးဆင်းမှုကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာဖူလုံရေးဟာ ပိုမိုအလေးပေး လုပ်ဆောင်ရမဲ့ အရေးကိစ္စ ဖြစ်လာပါတယ်။ ✅


📌 ဒါကြောင့်လည်း ဒေသန္တရအစိုးရတွေဟာ စားနပ်ရိက္ခာဖူလုံရေးအတွက် မူဝါဒတွေကို ချမှတ်တဲ့ အခါ စားနပ်ရိက္ခာ အချုပ်အခြာအာဏာ (Food Sovereignty) နဲ့ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ခြင်း (Subsidiarity) ဆိုတဲ့ မူတွေကို အခြေခံသင့်ပါတယ်။


♻️ စားနပ်ရိက္ခာ အချုပ်အခြာအာဏာကို အခြေခံခြင်း (base on Food Sovereignty) - ဒေသန္တရအစိုးရတွေဟာ စားနပ်ရိက္ခာထုတ်လုပ်မှုကို နိုင်ငံခြားပို့ကုန်ထက် ပြည်တွင်းစားသုံးမှုနဲ့ စားနပ်ရိက္ခာဖူလုံရေး အတွက် ဦးစာပေးတဲ့ မူဝါဒတွေကို ရေးဆွဲသင့်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုနဲ့ ကိုက်ညီပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ကိုယ်တိုင်ဆုံးဖြတ် ထုတ်လုပ်နိုင်တဲ့ အခွင့်အရေးတွေကိုပါ ဒေသန္တရအစိုးရတွေရဲ့ မူဝါဒတွေမှာ ထည့်သွင်း ရေးဆွဲထားသင့်ပါတယ်။


♻️ ပြည်သူနှင့် အနီးဆုံးအဆင့်တွင် ဆုံးဖြတ်ခြင်း (Subsidiarity) - စားနပ်ရိက္ခာဖူလုံရေးအတွက် မူဝါဒတွေကို ဗဟိုမှနေ ညွှန်ကြားတဲ့အတိုင်း ချမှတ်တာ မဟုတ်ဘဲ ပြည်သူနဲ့ အနီးဆုံးမှာရှိတဲ့ ကျေးရွာ၊ မြို့နယ်ကောင်စီတွေ ဒေသခံလူထုတွေ ကနေ တိုက်ရိုက်ပါဝင် ဆွေးနွေးပြီးမှ ချမှတ်တဲ့ မူဝါဒသာ ဖြစ်သင့်ပါတယ်။


♻️ မြေဆီလွှာ ပြုပြင်ထိန်းသိမ်းတဲ့ စိုက်ပျိုးရေး (Restorative Agriculture) - ဓာတုပစ္စည်းတွေ အလွန်အကျွံသုံးစွဲတဲ့ စနစ်အစား မြေဆီလွှာကို ပြန်လည်ကောင်းမွန်စေတဲ့ စိုက်ပျိုးရေး-ဂေဟဗေဒ (Agro-ecology) စနစ်ကို အားပေးတဲ့ မူဝါဒတွေ ချမှတ်သင့်ပါတယ်။ ဒါမှသာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးတော့ အိမ်ထောင်စုတွေရဒြ စားနပ်ရိက္ခာကိုပါ ရေရှည်အာမခံနိုင်မှာပါ။


♻️ ဒေသတွင်းမျိုးစေ့နဲ့ ရိုးရာအသိပညာကို ကာကွယ်ခြင်း - လယ်သမားအများစု အသုံးပြုနေကြတဲ့ ဒေသမျိုးစေ့တွေ ကို ကော်ပိုရေးရှင်းကြီးတွေရဲ့ မူပိုင်ခွင့်တွေကနေ ကာကွယ်ပေးပြီးတော့ လယ်သမားတွေရဲ့ ရိုးရာစိုက်ပျိုးရေး အသိပညာကို မြှင့်တင်ပေးတဲ့ မူဝါဒတွေ ချမှတ်သင့်ပါတယ်။


♻️ အသေးစား လယ်သမားတွေနဲ့ သမဝါယမစနစ်ကို ပံ့ပိုးခြင်း - ခရိုနီလုပ်ငန်းကြီးတွေ၊ ကော်ပိုရိတ်လုပ်ငန်းတွေကို မျက်နှာသာပေးမည့်အစား ဒေသခံ အသေးစား လယ်သမားတွေ၊ သမဝါယမစနစ် အားကောင်းအောင် ထောက်ပံ့တာတွေကို လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် အသေးစားလယ်သမားတွေ အတွက်လည်း အခွန်အခ လျှော့ပေါ့ပေးခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အားသာချက်တွေကို အထောက်အပံ့ဖြစ်စေတဲ့ မူဝါဒဖြစ်သင့်ပါတယ်။​


♻️ လယ်ယာမြေဆိုင်ရာ တရားမျှတမှုနှင့် လုံခြုံမှု - စားနပ်ရိက္ခာဖူလုံရေးမူဝါဒတွေမှာ မတရားသိမ်းဆည်းခံထားရတဲ့ မြေယာတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်တာ၊ ဓလေ့ထုံးတမ်း မြေယာအခွင့်အရေးတွေကို အသိအမှတ်ပြုရေးတို့ကိုပါ ထည့်သွင်းရေးဆွဲ သင့်ပါတယ်။ မြေယာပိုင်ဆိုင်မှု လုံခြုံမှသာ စားနပ်ရိက္ခာ ထုတ်လုပ်မှု အားကောင်းစေမှာပါ။


♻️ ဒေသတွင်း ဈေးကွက် ဖော်ဆောင်ခြင်း - ဒေသတွင်းပြည်သူတွေ ဝမ်းဝရေးကို ရှေးရှုပြီးတော့ ဒေသခံထုတ်လုပ်သူတွေကို စားသုံးသူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးမဲ့ ဒေသန္တရဈေးကွက်စနစ်ကို ဖော်ဆောင်ပေးသင့်ပါတယ်။


♻️ ရေရှည်စီမံကိန်းများသို့ ကူးပြောင်းခြင်း - အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ အပြင် စားနပ်ရိက္ခာ မဖူလုံမှုရဲ့ မူလဇစ်မြစ်များကို ဖြေရှင်းပေးနိုင်မဲ့ ရေရှည် စီမံကိန်းတွေကို နှစ်အပိုင်းခြားလိုက် သတ်မှတ်ပြီး ရေးဆွဲသင့်ပါတယ်။


📌 ရခိုင်ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် CIN ဟာ စားနပ်ရိက္ခာထုတ်လုပ်မှု၊ တောင်သူပညာပေး ကဏ္ဍတွေ၊ စားနပ်ရိက္ခာထောက်ပံ့ပေးတာတွေအပြင် ရေရှည်တည်တံ့ပြီး အမှီအခိုကင်းတဲ့ စားနပ်ရိက္ခာထုတ်လုပ်ရေးဖြစ်ဖို့ ပြည်သူတွေနဲ့ လက်တွဲပြီးတော့ လုပ်ဆောင်လျက်ရှိပါတယ်။


❝အကျပ်အတည်းကာလမှနေ ရေရှည်တည်တံ့တဲ့ စားနပ်ရိက္ခာဖူလုံရေးဖြစ်ဖို့ ကျွန်တော်တို့နှင့် အတူ ပူးပေါင်းဖို့ CIN ကနေ နွေးထွေးစွာနဲ့ ကြိုဆိုနေပါတယ်။❞